International News

၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်၌ ဂျပန်နိုင်ငံ၏ အသားတင်သွင်းမှုများ မြင့်မားလာခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ အသားနှင့်အသားထုတ်ကုန်တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း တန်ပေါင်း ၁.၀၄ သန်းခန့်ရှိကြောင်း၊ ၁၉၈၈ ခုနှစ်မှ တင်သွင်းမှု စာရင်းဇယားများအရ ယခုနှစ်တင်သွင်းမှုသည် စံချိန်တင်အမြင့်ဆုံးဖြစ်ကြောင်းကို ဇူလိုင်အကုန်က ထုတ်ပြန်ခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယားများအရ သိရပါသည်။

အထူးသဖြင့် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးထားကြသည့် အဓိကနိုင်ငံမိတ်ဖက်နိုင်ငံများမှ အသားများ တင်သွင်းမှုများကြောင့် ယခုကဲ့သို့ တင်သွင်းမှု နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

စျေးနိမ့်သည့်အသားများ တင်သွင်းသည့် နိုင်ငံများသည် ၎င်းတို့၏ စျေးကွက်ဝေစုများ ရရှိရန်ပြုပြင်ထားသည့် အသားများနှင့် အခြားအဆာပလာ များ ထပ်မံဖြည့်စွက်ထားသည့် အေးခဲအသားများပုံစံမျိုးဖြင့် တင်သွင်းလာသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေသည့်အတွက် ပြည်သူများက အသားများ၊ အသားထုတ်ကုန်များကို ဝယ်ယူပြီး နေအိမ်တွင် ချက်ပြုတ်စားသောက်ကြခြင်း ကြောင့် ယခုကဲ့သို့ အသားတင်သွင်းမှုမြင့်တက်လာ ခြင်းဖြစ်ပါသည်။

ယခုနှစ်ဝက်ခန့်အတွင်း ပြုပြင်စီမံထားသည့် အသားထုတ်ကုန်များမပါဝင်ဘဲ အမဲသား၊ ဝက်သားနှင့် ကြက်သားများကို ပြည်ပမှ တင်သွင်းမှုသည် ၁,၀၄၀,၅၉၁ တန်အထိ ရှိနေပါကြောင်း ၊ ယခင်က ကာလတူအချိန်ထက် ၂ % ခန့်ထိ တင်သွင်းမှု မြင့်တက်လာကြောင်း သိရပါသည်။

အသားတင်သွင်းမှုများအနက် အများဆုံးတင်သွင်းနေသည့် အသားမှာ အေးခဲအမဲသားဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကထက် ၇ % ပိုမိုတင်သွင်း ခဲ့ရပါကြောင်း၊ တန်ချိန်အားဖြင့် ၁၇၂,၆၉၃ တန်ခန့်ပိုမိုတင်သွင်းခဲ့ရပါကြောင်း၊ ကိုရိုနာပြန့်ပွားနေချိန်နေအိမ်တွင် ချက်ပြုတ်စားသောက်မှုများ ပိုမိုမြင့်မားလာသဖြင့် ပြုပြင်စီမံထားသည့်အသားများ၊ အေးခဲထားသည့် အသားထုတ်ကုန်များ၏ ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာခဲ့ပါ ကြောင်းဟု ပြည်တွင်းရှိ အသားနှင့်အသားထုတ်ကုန် ဖြန့်ဖြူးရောင်းချသူများကပြောကြားခဲ့ပါသည်။

တင်သွင်းသည့် နိုင်ငံဒေသများမှာ အမေရိကန်ပြည်ထောင်စုမှ အမဲသားနှင့်ဝက်သားကို တင်သွင်းခဲ့ပြီး ယခုနှစ်တွင် တင်သွင်းသည့် ပမာဏများ သိသိသာသာမြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှအစပြု၍ သက်ဝင်ခဲ့သည့် ဂျပန်-အမေရိကန် ကုန်သွယ်ရေးသဘောတူညီ ချက်ကြောင့် အခွန်နှုန်းများလျော့ချခဲ့မှု၏ သက်ရောက်မှုကြောင့် ယခုကဲ့သို့ မြင့်တက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊ စျေးချိုချိုနှင့် ဝယ်ယူစားသုံးသူများ များပြားလာခြင်းကြောင့် အမေရိကန်နိုင်ငံမှ တင်သွင်းသည့် အမဲနံရိုး(အရိုးမဲ့) အသားများကို ပြည်တွင်းရှိ ကုန်စုံဆိုင်များတွင် ဝယ်လိုအား မြင့်တက်လာကြောင်းတွေ့ရပါသည်။

မက္ကဆီကိုနိုင်ငံမှ ဝက်သားတင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ကထက် ၁၄ % ပိုမိုများပြားလာခဲ့ပြီး တန်ချိန်အားဖြင့် ၅၄,၆၁၅ တန်ခန့် ပိုမိုများပြားစွာ တင်သွင်းခဲ့ပါကြောင်း၊ ဂျပန်စတိုင်လ် နေ့လယ်စာထမင်းဘူး (bento) များနှင့် အခြားသော အသင့်စားအစားအစာများတွင် ဝက်သားကို အသုံးပြု ရောင်းချမှုများ ပိုမိုများပြားလာသည့်အတွက် တင်သွင်းမှုများ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။

ပြည်တွင်းရှိ အထင်ကရကုန်စုံဆိုင်ကြီး (၃) ခု၏ ရောင်းချမှုစာရင်းဇယားများအရ မွေးမြူရေးထွက်ကုန်များရောင်းချရမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ရောင်းချရမှုသည် ယခင်ကာလတူထက် ၁၀ % ခန့် ပိုမိုများပြားခဲ့ကြောင်း သိရပါသည်။

သြဂုတ်လနောက်ပိုင်းမှ အစပြု၍ တင်သွင်းလာသည့် ဝက်သားများကို ကုန်စုံဆိုင်များက အထူးလျော့စျေးဖြင့် ရောင်းချသွားမည့်အစီအစဉ်ကို ဆောင်ရွက်ရန်ပြင်ဆင်နေကြကြောင်း သိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။  The Japan Agricultural News (August,2020)

Category: International News